နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်…


အထက်ပါစာသားသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှုကြမ်းတွင် ပါဝင်သောစာသား ဖြစ်ပါသည်။ မြန်မာ့ တပ်မတော်တွင် တပ်သားအဆင့်မှ ဗိုလ်ချုပ်မှုးကြီးအဆင့်ထိ ထမ်းဆောင်ရသော တာဝန်များထဲတွင်မှ ကျွန်တော်သည် အဆင့်တစ်ခုတွင် တာဝန်ထမ်းဆောင်ရသော စစ်သားတစ်ယောက်သာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့မှုဝါဒ၊ နိုင်ငံတော်ရဲ့မူဝါဒလမ်းစဉ်များအတွက် ကျွန်တော်တို့ထက် ရာထူးအဆင့်မြင့်မားသော၊ တတ်ကျွမ်းနားလည်သော ခေါင်းဆောင်များမှ အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင် ကျွန်တော်တို့မှာ မိမိတို့အားပေးအပ်သော တာဝန်များကို ထမ်းဆောင်ရင်း စစ်သားတစ်ယောက်ပီသစွာ နေထိုင်သွားယုံမှအပ ကောင်းသည်ဆိုးသည် ဝေဖန်ရန် အကြောင်းမရှိပါ။ ကျွန်တော်တို့သည် တပ်မတော်သို့ စတင်ဝင်ရောက်ချိန်မှ စပြီး ယခုအချိန်ထိ နိုင်ငံတော်မှ ကျွေးသောထမင်းကို စားခဲ့သည်။ နိုင်ငံတော်မှ သင်ပေးသော ပညာရပ်များကို သင်ခဲ့ရသည်။ ယခုကဲ့သို့စာများရေးသား ရသည့်အကြောင်းမှာလဲ မိမိတို့ကဲ့သို့ နိုင်ငံတော်မှကျွေးသော ထမင်းကိုစားခဲ့ပြီး စစ်သားတစ်ယောက်ပီသစွာ မနေထိုင်ခဲ့သောကြောင့် တပ်မတော်မှ ထုတ်ပယ်ခံခဲ့ရပြီး ထမင်းကျွေးသောလက်ကို ပြန်ကိုက်တတ်သည့် လူမျိုးများနှင့် စစ်သားကို စစ်သားဟုမမြင်သော လူမျိုးများအတွက် ရည်ရွယ်ရေးသားခြင်း ဖြစ်ပါသည်။

တပ်မတော်မှ ပြန်တမ်းဝင်အရာရှိများအတွက် စစ်မှုထမ်းစည်းမျဉ်းတွင် စစ်မှုထမ်းရန်ကာ အပိုင်းအခြားနှင့် ပတ်သတ်ပြီး ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရသော အရာရှိသည် မိမိအားစစ်တပ်တွင် ဆက်လက်အမှုထမ်းစေရန် လိုအပ်သည့်ကာလပတ်လုံး စစ်မှုထမ်းရမည်ဟူသော စည်းမျဉ်းပါရှိသည်ကို အဆိုပါလူမျိုးများ သိဖို့ကောင်းပါသည်။ သာမန်အားဖြင့် စစ်သားတစ်ယောက်ဖြစ်ရန် ကျန်းမာရေးကောင်းမွန်ရ ပေမည်။ မိမိတို့ကျန်းမာရေး ခြို့ယွင်းချက်ကြောင့် တပ်မတော်မှ အနားယူရချိန်တွင် ထိုက်သင့်သော ပင်စင်လစာနှင့် ခံစားခွင့်များ သတ်မှတ်ထားပြီး ဖြစ်သည့်အပြင် စစ်မှုထမ်းခဲ့သည့်အတွက် ဆုကြေးအဖြစ် သိန်းပေါင်းများစွာသော ငွေကြေးကို နိုင်ငံတော်မှ ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ကြီးမှလည်း အဆိုပါစစ်သားများအားလုံးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေ သည်ကို ပြီးခဲ့သည့်စစ်မှုထမ်းဟောင်း ညီလာခံသတင်းများဖတ်ပြီးချိန်တွင် နားလည်ရမည်ဖြစ်ပါသည်။ သင်သည် အမိန့်နာခံခဲ့သူတစ်ယောက်လား…. သင်သည် တာဝန်ကျေပွန်ခဲ့သူတစ်ယောက်လား…. သင်သည် နိုင်ငံသားတစ်ယောက် ပီသခဲ့သည်လား…. မိမိကိုယ်မိမိဆန်းစစ်၍ မိမိရေးသောစာတစ်ပုဒ် အပေါ်တွင် စဉ်းစားဖို့လိုအပ်ပေသည်….။

စစ်တပ်အကြောင်း မကောင်းပြေတတ်ယုံ၊ မြန်မာနိုင်ငံအတွင်း မည်မျှဆိုးရွားနေသည်ကို ပြောတတ်ယုံနှင့် ကိုယ့်ကိုကိုယ်တော်လှန်းရေးသမား တစ်ယောက်ကဲ့သို့ ခံယူနေသူများအား သနားပေသည်။ သူတို့ပြောသော မကောင်းသည့်နိုင်ငံအတွင်း သင်တို့နေထိုင်နိုင်သည်လည်း မဟုတ်သည်မက သူတို့ရှာဖွေနိုင်သည့် ငွေကြေးဆယ်ပုံတစ်ပုံမပြည့်သော လစာနှင့် နိုင်ငံတော်အတွက် အသက်ပေးစစ်မှုထမ်းရန်ကို သူတို့ သေမလောက် ကြောက်ရွံ့ခြင်းအား ၀န်ခံဖို့လဲ သူတို့မည်သည့်အခါမှ ကြိုးစားကြမည်မဟုတ်ပေ။ အမေရိကန် နှင့် အခြားသောနိုင်ငံများကဲ့သို့ ကမ္ဘာပတ်ပြီး အီရတ်၊ အာဖဂန်ကဲ့သို့သော စစ်မြေပြင်များသို့ ပို့လွှတ်ခံဖို့ ဆိုလျှင် သူတို့အတွက်သာ၍ ဆိုးပေလိမ့်မည်။

မကြာမီတွင် ၂၀၁၀ ဆိုသောကာလသို့ ရောက်လာတော့မည်ဖြစ်သည်။ ကျွန်တော်တို့လို လူငယ်များအတွက် ၂၀၁၀ သည် စိတ်ဝင်စားစရာများနှင့် ပြည့်နှက်နေသည်။ နေ့စဉ်နှင့်အမျှပြောင်းလဲနေသော မြန်မာနိုင်ငံနှင့် နိုင်ငံတကာ ဆက်ဆံရေးများကိုကြည့်ပြီး ကျွန်တော်တို့ ကျေနပ်သည်။ အတိုက်အခံမလုပ်ရလျှင် ၀င်ငွေပျောက် သူများနှင့် ယှဉ်ပြီးအုတ်တစ်ချပ်သဲ တစ်ပွင့်အဖြစ် မှတ်ယူနေပါက အမှားကြီးမှားပေလိမ့်မည်။ ကိုယ်တိုင်လဲ ဘာမှမဖန်တီးနိုင် သူများလုပ်လျှင်လည်း နေရာတကာ ကန့်လန့်လိုက်ပါတတ်သော ဂဏန်းနှင့်တူသော သူများပင်ဖြစ်သည်။ မပြီးခင်ဗမာမမြင်စေနှင့်ဆိုသော စကားသည် မည်သည့်အတွက်ကြောင့် ပေါ်ထွက် လာသလဲ…စဉ်းစားသင့်သည်။ အကျိုးမဲ့စကားများအား မိမိဂုဏ်သိက္ခာကို ငဲ့ညှာ၍ ဆင်ခြင်ကြစေလိုပါသည်။ အချုပ်ဆိုရလျှင် ကျွန်တော့်အတွက် ထိုကဲ့သို့သော သူများသည် စိန်ကောင်းကျောက်ကောင်း ရောင်းချိန်တွင် ကန့်လန့်ကန့်လန့် လုပ်သောဆေးရိုးသည်များပင် ဖြစ်ပေသည်။

စစ်သားတစ်ယောက်ရဲ့ဝိဥာဉ်(၂)

ဆရာကြီး..အားတင်းထား ဆရာကြီး…ကျွန်တော်တို့ ဆရာကြီးကို ရအောင်ကယ်မယ်..

ကျုပ်နားထဲမှာ သူတို့ပြောနေတဲ့စကားတွေကို ကြားနေရတယ်…ကျုပ်မျက်လုံးတွေကို ဖွင့်လို့မရပေမယ့် ကျုပ်မျက်စိထဲမှာ နိုင်ငံတော်အလံ၊ စစ်သားတစ်ယောက်ရဲ့ဘ၀၊ ကျုပ်ဇနီးနဲ့ ကျုပ်သားလေးတို့ရဲ့ပုံရိပ်တွေကို မြင်နေမိတယ်….ပြီးတော့ ကျုပ်ပြုံးဖို့ကြိုးစားကြည့်လိုက်တယ်..
……………………………………………………………………………....................................................
ကျုပ်ရဲ့ငယ်ဘ၀…အဖေက ကျောင်းထားတယ်..ကျုပ်က စာမသင်ချင်ဘူး..အိမ်ရှေ့ကနေ ဖြတ်သွားတဲ့ စစ်သားတွေကို ကြည့်ပြီး စစ်သားတစ်ယောက်ပဲ ဖြစ်နေချင်ခဲ့တယ်…ကျုပ်လဲ ခုနှစ်တန်းအောင်ပြီးရော အဖေဆုံးသွားတယ်..အဲဒီနောက် ကျုပ်လဲ ကျောင်းထွက်ပြီး တပ်ထဲရောက်လာခဲ့တယ်..စစ်သားတစ်ယောက်ရဲ့ဘ၀ဟာ ပင်ပန်းလိမ့်မယ်ဆိုတာတော့ အစထဲက ကျုပ်သိပြီးသား..တောမှာကြီးပြင်းတဲ့ ကျုပ်အတွက် ပင်ပန်းတယ်ဆိုတာ အဆန်းမှ မဟုတ်တာပဲ…

နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဆိုတာကို ကျုပ်နားလည်တာ မဟုတ်ဘူး..ကျုပ်သိတာက စစ်သားဆိုတာ သူရဲကောင်း၊ စစ်သားအလုပ်ဆိုတာ သူပုန်တွေကိုတိုက်ရတဲ့ အလုပ်လုပ်တဲ့ သေမှာ မကြောက်တဲ့ ရဲရင့်တဲ့သူတွေရဲ့အလုပ်…ကျုပ်ကိုကျုပ်ထင်တာက သတ္တိရှိတယ်.. ရဲရင့်တယ်..ဒီတော့ ကျုပ်ဒီအလုပ်ကို ရွေးချယ်တယ်.. မှားတယ်လို့ကို မထင်ခဲ့မိတာ အမှန်ပဲ..
သားရယ်..မင်းစစ်ထဲဝင်ရင် သေမှာပေါ့ ဆိုပြီး အမေပြောတုန်းက စစ်ထဲမ၀င်ရင်ကော မသေဘူးလားဆိုပြီး ကျုပ်ရယ်ခဲ့သေးတယ်..

စစ်ယူနီဖောင်းကို အပြည့်အစုံဝတ်ဆင်ခွင့်ရတဲ့နေ့မှာ ကျုပ်ကိုကျုပ် သိပ်ကိုကြီးကျယ်ခမ်းနားလွန်းတဲ့ လူတစ်ယောက်လိုခံစားခဲ့ရတယ်..သစ္စာလေးချက်ကို ဆိုလိုက်တဲ့အချိန်မှာတော့ ကြက်သီးတွေတဖြန်းဖြန်းထလို့ ကျုပ်ကိုကျုပ်သိပ်ကို ဂုဏ်ယူမိတာလေ..

ပထမဆုံးတိုက်ပွဲအမှတ်တရကို ပြောပြအုံးမယ်..ကျုပ်က ရှေ့ပြေးတပ်စု.. အရှေ့တောင်ကုန်းပေါ်မှာ လှုပ်ရွနေတဲ့ရန်သူတွေ..ကျုပ်စဥ်းစားမိလိုက်တယ်.. သူတို့ဟာ သေနတ်ကိုင်ထား တဲ့ လူတွေပါလားဆိုပြီးပေါ့… ကျုပ်တို့တပ်စုမှုးက အသံမထွက်ဖို့အချက်ပြတယ်.. ဘေးက ဆရာကြီးလှစိန်က သေချာချိန်ထားဖို့ သတိပေးတယ်… ပစ် ဆိုတဲ့ အမိန့်သံ အဆုံးမှာ ကျုပ်နားတွေ ပွင့်ထွက်သွားမလား မှတ်ရတယ်လေ..ကျုပ်ပစ်မိတဲ့ ကျည်ဆံအချက်ပေါင်းများစွာ ဘယ်ရောက်သွားမှန်း ကျုပ်မသိဘူး…ကျုပ်တို့ အဲဒီတောင်ကုန်းကိုရောက်တော့ သွေး ချင်းချင်းရဲလို့ သေဆုံးနေတဲ့ ရန်သူ့အလောင်းကောင်တွေကို ကြည့်ပြီး ကျုပ်ငိုင်တွေနေမိတယ်.. ဆရာကြီး..ကျုပ်ပစ်လိုက်လို့ သေသွားတာလားဆိုပြီး မေးမိတော့ ဆရာကြီးလှစိန်က သဘောကျပြီး ရယ်တာကို မှတ်မိနေသေးတယ်..အဲဒီညပဲပေါ့..ကျုပ်က ကျုပ်အရာရှိကို မေးခဲ့တယ်.. ဗိုလ်ကြီး..ဘာလို့ ဒီစစ်သားအလုပ်ကို ဆက်လုပ်နေတာလဲ..ဆိုပြီးတော့လေ..

အဲဒီအချိန်မှာ ဖြေခဲ့တဲ့ ကျုပ်အရာရှိရဲ့စကားက ကျုပ်ကို စစ်သားကောင်းတစ်ယောက် ဖြစ်လာစေဖို့ တွန်းအားပေးနိုင်ခဲ့တယ်.. ငါတို့ရဲ့ရှေ့မှာ နိုင်ငံတော်အတွက် အသက်တွေ အများ ကြီး ပေးဆပ်ပြီးသွားပြီ..တကယ်တော့ အခုရန်သူဆိုတာတွေဟာ ငါတို့လူမျိုးတွေပါပဲ..ငါတို့နိုင်ငံသားတွေပါပဲ..ငါတို့ရဲ့ ရည်ရွယ်ချက်က ဒီမြန်မာနိုင်ငံဆိုတဲ့ နိုင်ငံတော်ကြီးဟာ အေးချမ်း ရမယ်..လွတ်လပ်ရမယ်..မြန်မာနိုင်ငံသားတစ်ယောက်ဟာ မြန်မာတစ်နိုင်ငံလုံးကို သွားချင်တဲ့နေရာကို လွတ်လပ်စွာသွားနိုင်အောင် နယ်မြေအေးချမ်းသာယာရမယ်.... .ငြိမ်းချမ်းရေး အတွက် ငါတို့လက်ကမ်းထားတယ်.. ငြိမ်းချမ်းရေးကို အလိုမရှိတဲ့သူတွေကိုတော့ ငါတို့တိုက်ရမှာပေါ့..ငါတို့ကတိုက်လဲ တိုက်ပြီးသွားပြီ.. ငါတို့နိုင်ငံကြီးငြိမ်းချမ်းဖို့
အတွက် ငါတို့အသက်တွေအများကြီးပေးပြီး တိုက်ခဲ့ပြီးပြီ..ငါတို့ခောတ်ကိုရောက်မှ ဒီတိုက်ပွဲကိုရပ်ပြီး ဖြစ်ချင်ရာဖြစ်စေဖို့ ခွင့်ပြုလိုက်ရမှာလား.. အခုငါတို့ အသက်တွေပေးဆပ်ပြီး တိုက်ခဲ့ရင် ငါတို့သားတွေ၊မြေးတွေ၊ မျိုးဆက်တွေကျတော့ တိုက်စရာမလိုတော့ဘူးပေါ့ကွာ…

ကျုပ်အဲဒီညက အိပ်လို့မရခဲ့ဘူး..သေဆုံးနေတဲ့ ရန်သူ့အလောင်းတွေ၊ ပြီးတော့ ကျုပ်အရာရှိရဲ့ စကားတွေ… ငါတို့အနစ်နာခံပြီး အသက်စွန့်ခဲ့တော့ ငါတို့မျိုးဆက်တွေကျတော့ အသက်စွန့်စရာမလိုတော့ဘူးပေါ့တဲ့.. ကျုပ်ယုံကြည်လိုက်တယ်. ငြိမ်းချမ်းရေးကို အလိုမရှိတဲ့သူတွေ ကုန်သွားရင် ငြိမ်းချမ်းတဲ့နယ်မြေတွေ ဖြစ်ကုန်မှာပေါ့ ဆိုတဲ့ အတွေးကို ကျုပ်ရလိုက်တယ်လေ…ဒီိလိုနဲ့ပဲ ကျုပ်လဲ စစ်သားတစ်ယောက် ဖြစ်လာခဲ့တော့တာပဲ.. ကျုပ်ပစ်လိုက်တဲ့ ကျည်ဆံတိုင်းအတွက် ကျုပ်ဂုဏ်ယူခဲ့တယ်..နယ်စပ်မျဉ်းတစ်လျောက် ကျုပ်လျှောက်ခဲ့တဲ့ ခြေလှမ်းတွေအတွက် ကျုပ် ကျေနပ်ခဲ့တာပေါ့….

ကျုပ်ရဲ့ကြိုးစားမှု၊ ကျုပ်ရဲ့လုပ်ရည်ကိုင်ရည်ကြောင့် လက်မောင်းပေါ်မှာ အရစ်လေးတစ်ရစ်တင်လို့ ဒုတပ်ကြပ်အောင်တင့် ဆိုပြီး ဖြစ်လာတဲ့ အချိန်မှာ ကျုပ်မှာဇနီးတစ်ယောက် ရှိလာ ခဲ့ပြီလေ… စစ်သားလဲ အသဲနဲ့ပဲ မဟုတ်လား..ဒါပေမယ့် ကျုပ်ပျော်ရွှင်မှုက သုံးလပဲခံလိုက်တယ်.. ဘာမှကို မစီစဉ်ပေးနိုင်သေးခင်မှာ ရှေ့တန်းကို ထွက်ရပြန်ပြီလေ…ဒီတစ်ခါမှာတော့ စိတ်က သိပ်မပျော်ချင်တော့ဘူး..သံယောဇဉ် အနှောင်အဖွဲ့က ရှိလာပြီကိုး..စစ်သားစိတ်ဆိုတာ နားလည်ရအတော်ခက်တာပဲ..ကျုပ်တို့က ရဲဘော်ရဲဘက်စိတ်ဆိုပြီး သိပ်ကိုဂုဏ်ယူ ကြတဲ့စိတ်ရှိတယ်..သာမာန်အချိန်မှာ မိသားစုတွေ၊ အနာဂတ်တွေ ရှိနေပေမယ့် တိုက်ပွဲတစ်နေရာရောက်ရင်တော့ အချင်းချင်းအတွက် အသက်ပေးလိုစိတ်၊ နိုင်ငံအတွက် စွန့်လွှတ် လိုစိတ်တွေ အလိုလိုကို ရောက်လာတာ…နောက်ဆုံးတော့ ရှေ့တန်းပြန်ယောက်ျားကို မျှော်ရတဲ့ သူတို့ဇနီးမယား သားသမီးတွေပဲ သောကများရတာပေါ့ဗျာ…တစ်လတစ်ခါ ကျုပ်မိန်းမ ဆီက စာရောက်လာတယ်..သူအဆင်ပြေတဲ့အကြောင်း ကျုပ်ကို ကျန်းမာရေးဂရုစိုက်ဖို့ လိုတာရှိရင် လှမ်းမှာဖို့ စာရေးထားတယ်..ကျုပ်က တိုက်ဖို့ခိုက်ဖို့ပဲ သိတာလေ..ဒီတစ်ခါ ရှေ့တန်းပြန်ဝင်မှ ကျုပ်မိန်းမအကြောင်းကို ကျုပ်ကောင်းကောင်း သိတော့တာပဲ…

ကျုပ်အိမ်ရှေ့ အိမ်နောက်မှသီးပင်၊ စားပင်ပြည့်လို့ဗျာ..ပြီးတော့ ကျုပ်အိမ်နောက်မှာ ၀က်က သုံးကောင်၊ အစာစားနေတဲ့ ကြက်အုပ်တစ်အုပ်လဲရှိနေသေးတယ်…တပ်မိသားစု သက်သာချောင်ချိရေးအတွက် အစည်းအဝေးခေါ်ပြီး တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ဖို့ အကြံပေးခဲ့တဲ့ လူကြီးတွေကို ကျေးဇူးတင်လို့မဆုံးဘူး…မစိုက်မနေရ အတင်းစိုက် ခိုင်းတော့ အသီးအရွက်အတွက် ပိုက်ဆံမကုန်တော့ဘူး…ရဲဘော်ချင်းတောင် စည်းလုံးတာမဟုတ်ဘူး.. ရဲမေချင်းပါစည်းလုံးတဲ့ ဒီတပ်မတော်မှာ ယောက်ျားရှေ့တန်းသွားလို့ မိန်းမ ထမင်းမငတ်ပါဘူး.

တပ်ရေးဗိုလ်ကြီးရဲ့ စည်းရုံးရေးကောင်းလို့ မွေးမြူရေးလုပ်ချင်သူတွေအတွက် ၀က်သားပေါက် ၊ကြက်သားပေါက်တွေ ငွေပေါ်မှပြန်ပေးစနစ်နဲ့ အကြွေးယူခွင့်ရတယ်..တပ်ရင်းမှုးရဲ့ စေတနာနဲ့ တပ်ရင်းစိုက်ခင်းအမြတ်ငွေထဲက ၀ယ်ပေးတဲ့ မျိုးစေ့တွေ၊အပင်ပေါက်တွေကို အခမဲ့ရခဲ့တယ်…တပ်မှာကျန်ခဲ့တဲ့ အရာရှိကတော်တွေက စာမတတ်သူတွေကို စာသင် ပေးမယ်ဆိုပြီး စာသင်ပေးပြန်တော့ ဘာလိုသေးလဲဗျာ.. အမျိုးသမီးဆိုပြီးအထင်မသေးလိုက်တဲ့…လုံခြုံရေးအတွက်ကာကွယ်ဖို့ စစ်သင်တန်းဆိုတာလဲ ပေးထားပြန်တော့ ကျုပ်တို့ မရှိတောင် ကျုပ်တို့တပ်ရင်းကို ဘယ်ရန်သူမှ မကပ်နိုင်ဘူး….


သနပ်ခါးအဖွေးသားနဲ့ ရှေ့တန်းကကျုပ်အပြန်ကို ကြိုနေတဲ့မိန်းမမျက်နှာကို မြင်တဲ့အချိန်မှာ ကျုပ်ဘယ်လောက်ပျော်လိုက်လဲဆိုတာ ခင်ဗျားတို့ကို မြင်စေချင်တယ်..ရှေ့တန်းပြန် ညစာစားပွဲအတွက် စီစဉ်ထားတာများကလဲ နောက်တန်းမှာကျန်ခဲ့တဲ့ အရာရှိတွေကို ထိုင်ကန်တော့ချင်စိတ်ပေါက်တဲ့အထိပဲ..ဒါဟာ ရဲဘော်ရဲဘက်စိတ်နဲ့ ကျုပ်တို့ဟာ တပ်ရင်းတစ်ရင်း ထဲမှာရှိတဲ့ တစ်သားတည်းဖြစ်နေတယ်ဆိုတဲ့ စိတ်ကို ပိုပြီးခိုင်မာစေခဲ့တာ..ဘယ်ရမလဲဗျာ.နှစ်ခွက်လောက်လဲဝင်ပြီးရော ..တပ်ရင်းကြီးမင်္ဂလာပါဆိုပြီး အကြိမ်ကြိမ်အလေးပြုလိုက်သေး တယ်….

ဒီလိုနဲ့ကျုပ်လဲ ရှေ့တန်းသွားလိုက်၊ ပြန်လာလိုက်နဲ့ ကလေးနှစ်ယောက်လဲရလာခဲ့တာပေါ့..ဗိုက်ကြီးတဲ့အချိန်ကစလို့ မွေးဖွားပေးတဲ့အထိ တပ်ရင်းမှုးကတော်ကြီးများ ဂရုစိုက်တတ် လိုက်တာ.. ကျုပ်မိန်းမကို သူ့သမီးလေးလား ကျနေတာပဲ…ကျုပ်မိန်းမမှ မဟုတ်ပါဘူး..တပ်ရင်းတစ်ရင်းလုံးအပေါ်မှာ ကောင်းလွန်းတဲ့ ဒီတပ်ရင်းမှုးလင်မယားအပေါ် ကျုပ်တို့ တစ်ရင်းလုံး ကျေးဇူးတင်မဆုံးဘူး….ပညာရေးကို သိပ်အလေးပေးလွန်းတဲ့ ကျုပ်တို့တပ်ရင်းမှုးကြီးကြောင့် ကျုပ်တို့စစ်သားကလေးအကုန်လုံး ကျောင်းတက်ရတယ်…အပတ်စဉ် လစဉ် စာအုပ်၊ခဲတံလှုဖို့စာရင်းကောက်နေတတ်တော့ ကလေးကျောင်းမတက်ရင်၊ ကျောင်းမထားရင် ချက်ချင်းသိနေတာကိုး…

ဒီလိုတပ်ရင်းမှုးမျိုးနဲ့ နေလာချိန်မှာ ကျုပ်တို့တပ်ရင်းကို ယာယီတပ်ခွဲမှုးဗိုလ်မှုး တစ်ယောက်ပြောင်းလာခဲ့တယ်…ရောက်ရောက်ချင်းကထဲက စလိုက်တာ..လူပျိုစားရိပ်သာမှာ အစား အသောက်မှန်သွားတယ်..ကျုပ်တို့ရတဲ့ရိကာကို မလောက်ဘူးဆိုပြီး ကျုပ်တို့က အော်နေတာလေ..ဘယ်ဟုတ်မလဲ ကျုပ်တို့က စနစ်မှ မကျတာကိုးဗျ…သူရောက်လာတော့မှ တွက်ချက်ပြီး ကျွေးမွေးလိုက်တာ နောက်တန်းပြန်ချိန်များ လူပျိုစစ်သည်တို့အကြိုက် နံနက်စာကနေ ညစာအထိ အသားငါးမှန်လို့ပဲဗျ…တစ်လတစ်ခါလောက်က ကျွေးပွဲဆိုလား.. ပိုလျှံတာလေးတွေ လုပ်ပေးနိုင်သေးတယ်..နောက်တော့ သခွားသီးစိုက်ပြန်ရော..ဒီဗိုလ်မှုး ဘာလုပ်ပြန်ပြီလဲ ဆိုပြီးကျုပ်တို့က မလုပ်ချင်လုပ်ချင်နဲ့ပေါ့ဗျာ.. ဘယ်ဟုတ်မလဲ.. သခွားလဲ သီးရော.. အဲဒီကရတဲ့ အမြတ်က ကျုပ်တို့အရင်တပ်ရင်းစိုက်ခင်းထက် ၅ ဆကျော်ပိုများနေတာဗျို့..နောက်တော့ အုတ်ဖုတ်ပြန်ရော..တပ်ရင်းရံပုံငွေလဲတိုး.. စစ်သည်ရဲမေတွေ အတွက်လဲ ပိုထောက်ပံ့နိုင်၊ ကျုပ်တို့တပ်ရင်းကြီးရဲ့ စည်းလုံးညီညွှတ်အောင်မြင်မှုကို ကျန်တဲ့တပ်ရင်းတွေက အားကျတဲ့ အထိကို ဖြစ်ခဲ့တာလေ….

နောက်တော့ ကျုပ်လဲဗိုလ်မှုးမောင်ထွန်းရဲ့ လက်စွဲတပည့်ကျော်ဖြစ်လာတယ်…ကျုပ်က ပညာသာကောင်းကောင်းမတတ်တာလေ..တရားမျှတမှုကို အရမ်းသဘောကျတာကိုးဗျ… တစ်နေ့မှာ သူကကျုပ်ကိုပြောတယ်.. မကောင်းတဲ့ နောက်လိုက်ဆိုတာ မရှိဘူး..မကောင်းတဲ့ ခေါင်းဆောင်ဆိုတာပဲ ရှိတယ်တဲ့..ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းတယ်ပေါ့.. သူ့ခံယူချက်၊ သူ့ယုံကြည်ချက်အတိုင်းခေါင်းဆောင်ကောင်းဖြစ်အောင် တပ်ရင်းမှုးနဲ့ အရာရှိတွေ ပေါင်းလုပ်လိုက်ကြတာ ကျုပ်တို့တပ်ရင်းတစ်ရင်းလုံးဟာ သံယောဇဉ်ကြီးမားတဲ့ မိသားစုကြီးလိုပါပဲ..ရှေ့တန်းပြန်ဝင်လာတဲ့အခါတိုင်းမှာ တစ်ရင်းလုံးပျော်ပျော်ပါးပါးနဲ့ တကယ့်ကို ပျော်ရွှင်စရာကြီးပါပဲ…
(ဆက်ရန်)

မျောက်ဋီကာ


ချားလ် ဒါဝင် ဆိုသော ပုဂ္ဂိုလ်က ၄င်း၏ ဆင့်ကဲဖြစ်စဉ် ဟူသည့် သီအိုရီတွင် လူသည်မျောက်က ဆင်းသက်လာသည်ဟု အဆိုရှိခဲ့သည် ။ အမှန်ပင် လူသည်မျောက်က ဆင်းသက်လာသည်လော ... ။ ယခုတစ်လော ပြီးခဲ့သည့် စက်တင်ဘာ အရေးအခင်းကာလ အတွင်း မျှော်လင့်ချက် တစ်ခွဲသားဖြင့် မျောက်အုန်းသီးရသို့ အင်တာနက်စာမျက်နှာများ၌ မျောက်က ကနေကြသူများ မျောက်မှိုင်မှိုင် နေကြရချေပြီ ။ ဘုရားဖူးတွေလာတယ် ဖေ့သားရေ .. နောက်ဂျွမ်း ဟု ခါးကြိုးဆွဲပါက လှလှပပ ဂျွမ်းထိုးပြတက်သော မျောက်များလည်း အလှူခံ ဖလား ပျောက်သွားမည့်အရေးကို တွေးကာ မျောက်မီးခဲ ကိုင်မိသလို ဖြစ်နေကြတော့သည် ။ မျောက်ပြဆန်တောင်း နေကြသူများလည်း ၄င်းတို့၏ မျောက်မင်း မျောက်ဇာတ်ခင်းကာ မျောက်မထားသည့် အဖြစ်မျိုးဆိုက်ပြီး မျောက်မှိုင်မှိုင်နေသောကြောင့် မျောက်သစ်ကိုင်းလွတ် ဖြစ်နေကြလေတော့သည် ။

ပုရစ်ဖူးတွေ မြေမှာကြွေဟု ဆိုထားသော မျောက်တဘောင်လည်း မြောက်ပြန်လေနှင့်အတူ မျောက်ပြည်သို့ လစ်ချေပြီတကား ။ ယခင့်ယခင်က မျောက်မာန်တက်ကာ မျောက်ရေးတပြပြ လုပ်ခဲ့သော မျောက်ဇာနည် ၊ မျောက်နေမန်း မျောက်မျိုးနွယ် အစရှိသည့် မျောက်စစ်သည်များလည်း မျောက်ခုန်ခုန်ကာ ကီးဘုတ်ခလုတ်ကို လက်ဖျားတော်နုနုဖြင့် အသာထုကာ စစ်ရေးပြင်လျက်ရှိနေပြန်လေပြီ ။ မျောက်ပညာရှိကြီးများလည်း မျောက်အသွေး ၊ မျောက်အသား ၊ မျောက်အားမာန်အတွက် မျောက်စာများကို မြှောက်ကာ မြှောက်ကာ ရေးသားရင်း မျောက်သတင်းချဲ့ကာ မျောက်နေရာရရေးအတွက် မျောက်တွေးတွေးနေကြပြီ ။

ရွှေပြည်တော်ရှိ မျောက်သွေးဝင်နေသော မျောက် ၁၀၉/၁၁၀ လေးများကား ရာထူးစွန့်ကာ မျောက်ပါတီရှေ့ မျောက်နေ့စားအဖြစ်ရရှိရေးအတွက် မျှော်တွေးနေကြသည် ။ မျောက်ဘ၀ မျောက်ကမ္ဘာရှိ မျောက်မဟာ များ၏ အရေးကား မျောက်တွေးတွေး ရသော် ၀မ်းသာစရာကောင်းပေသော်ငြား မျောက်သား မဟုတ်လေသော ကျုပ်တို့မှာ မျောက်သားချင်း စာနာထောက်ထားစရာကား မရှိ ။ မျောက်များအားလုံးကိုသတ္တ၀ါချင်း ကရုဏာ သက်မိပေသောကြောင့် မျောက်ဋီကာ ချဲ့မိခြင်းသာ ။ သို့ဖြစ်သောကြောင့် ကျုပ်တို့တပ်မတော်သားများ ကို မျောက်ဆရာကြီးများ၏သြ၀ါဒဖြင့် မျောက်ရှိသလောက်စု တခွီးခွီးပြုလျက် ဆန့်ကျင်မှုပြုကြပါ ဟူ၍ကား မပြောကြားလို ။ မျောက်တို့အရေးကား လူတို့အရေးမဟုတ်ချေ ။

မျောက်သားစားလိုက မျောက်မျက်နှာမကြည့်လေနှင့်ဟူ ၍လည်း ဆိုစရာမလိုချေ ။ ဆိုလည်းမဆိုကောင်း ။ အကြောင်းမူ ကျုပ်တို့ကား နိုင်ငံအတွက်သာ သေနတ်ကိုင်ခဲ့ပေသော်ငြား ဘုန်းတော်ကြီးများ နှင့် မျောက်များရှေ့ အုတ်ခဲကားမောင်းချပေးလေသော မျောက်ဆရာကြီးများကဲ့သို့မျောက်သွေးကြွနေသည် စစ်သွေးကြွများကား မဟုတ် ။ သို့ပေသော်ငြား အွန်လိုင်းသွေးစွေးစွေး နီပေလှသော မျောက်ဆရာကြီးများ၏ သြ၀ါဒဖြင့် ချောက်တီးချောက်ချက် မျောက်ဇာတ်ကမည်ဆိုပါက ဧကန်မုချ မျောက်ဘ၀၌ပင် ရှိနေကြပေလိမ့်မည် ။ မျောက်ဆိုသည်ကား မျောက်သာတည်း ။ ကိုယ့်ကိုယ်ကို မျောက်ဖြစ်မှန်းမသိ ဖြစ်နေရရှာသော မျောက်မဟာများလည်း မျောက်နန်းစံနေကြလေပြီ ။ မျောက်လေးခုန်သော်ငြား သစ်ပင်ကား စဉ်းငယ်မျှမတုန်ချေ ။ ဤကား မျောက်သနားတတ်သည့် လူတစ်ဦးရေးသည့် မျောက်ဋီကာတည်း ။ ဤစာအား မျောက်စိတ် မျောက်အသံဖြင့်မဖတ်လေနှင့် ။ ဆေးမဖြစ်ချေ ။ ဘေးဖြစ်ပေလိမ့်မည် ။